စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့သည် ဆိပ်ကမ်းအလှဆုံး၊ ဆိပ်ကမ်းအကောင်းဆုံး၊ အေးချမ်းဆုံးမြို့တစ်မြို့ ဟု ပြောရလောက်သည့် ၀န်ထမ်းမြို့တော်လေးတစ်မြို့ဖြစ်သည်။
ထိုသို့ နာမည်ကောင်းနှင့် တည်ရှိနေသည့် မော်လိုက်မြို့လေးသည် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကြောင့်
ရုပ်ဆိုးနေပါသည်။ မြို့ပေါ်ရှိ လူနေအိမ်များမှ စွန့်ပစ်အမှိုက်များ၊ ဈေးဆိုင်များမှစွန့်ပစ်သည့် အမှိုက်များသည် လူစည်ကားရာ မော်လိုက်မြို့ဆိပ်ကမ်းများ၌တစ်ဖွေးတည်း နေရာယူလျက်ရှိသည်။
ယခုအခါ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံခြားသား ခရီးသည်များလည်း မော်လိုက်မြို့သို့ ယခင်နှစ်များထက် ပိုမိုဝင်ရောက် သွားလာ နေကြသည်။ ထိုသို့ နိုင်ငံခြားသားခရီးသည်များ လာရောက် ကြသည့်အခါ မော်လိုက်မြို့၏ ရုပ်ဆိုးစရာ စွန့်ပစ် အမှိုက်များက ကျောက်လှေကားများ၌ ခရီးဦးကြို ပြုလျက် ရှိသည့်အတွက် မော်လိုက်မြို့၏
ဂုဏ်ယူဖွယ်ရာ ဆိပ်ကမ်း အလှလေးသည် ခရီးသွားဧည့်သည်များ၏ မြင်ကွင်း၌ အင်မတန်မှ ရုပ်ဆိုးစေပါသည်။
ထိုကဲ့သို့ မြို့အလှဆိပ်ကမ်းပျက်စီးရခြင်းမှာ ပြည်သူများ၏ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်ခြင်း၊ မော်လိုက်မြို့တွင်းရှိ အမှိုက်များကို
သက်ဆိုင်ရာ ဌာနများမှ လိုက်လံစုစည်း၍ မြို့ပြင်ကုန်းမြေလွတ်နေရာများတွင် စွန့်ပစ်ပေးမှု
မရှိခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ
မရှိခြင်း၊ အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများ ထားရှိမပေးခြင်း တို့ကြောင့် မော်လိုက်မြို့၏
ဆိပ်ကမ်း အလှပျက်စီးရခြင်းဖြစ်သည်။ ထို့ကြောင့် မိမိနေထိုင်ရာ မြို့ကျက်သရေဆောင် ဆိပ်ကမ်းအလှလေး
မပျက်စီးစေရန် သက်ဆိုင်ရာဌာနများနှင့် ပြည်သူလူထုသို့ ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုလျှင်
မြို့ဆိပ်ကမ်းအလှလေးဟာ ပုံမှန်အတိုင်း ဆက်လက် တည်ရှိနေမည်ဟု ယုံကြည်ကြောင်း ပြည်သူတစ်ဦး၏
ရင်တွင်းစကားသံကို တင်ပြ လိုက်ရပါသည်။
No comments:
Post a Comment