Wednesday, January 7, 2015

မော်လိုက်မြို့သို့ နိုင်ငံခြားသားခရီးသည်များ လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြားလာ

မော်လိုက် နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာသော ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီနိုင်ငံသစ် ဖော်ဆောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့် အချိန်ကာလတွင် နိုင်ငံတကာမှ စိတ်ဝင်စားလျက် ရှိကြသည်။ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသော နိုင်ငံခြားသားများသည် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံလိုသူများ၊ မြန်မာနိုင်ငံ၏ ထင်ရှားသော အလှအပရှုခင်းများကို ကြည့်ရှုခံစားလိုသူများ၊ ဒေသန္တရဗဟုသုတရလိုသူများသည် ပိုမို များပြားလာခဲ့သည်။
ထိုကဲ့သို့ လာရောက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ သို့ နိုင်ငံခြားသား ခရီးသည်လာရောက်လည်ပတ်မှုမှာ ယခင်နှစ်ကထက် ပိုမိုများပြား လာခဲ့သည်။ ထိုသို့ နိုင်ငံခြားသား လာရောက်လည်ပတ်မှုမှာ ၂၀၁၃-ခုနှစ် တစ်နှစ်တာ ကာလတွင် နိုင်ငံအသီးသီးမှ နိုင်ငံခြားသားခရီးသည် စုစုပေါင်း(၃၀၄)ဦး ၀င်ရောက်ခဲ့ပြီး၊ ၂၀၁၄-ခုနှစ် ဇန်န၀ါရီလ မှစ၍ နိုဝင်ဘာလ(၁၅)ရက်နေ့ အထိ နိုင်ငံခြားသား ခရီးသည် လာရောက်လည်ပတ်သူဦးရေ စုစုပေါင်း(၃၄၈)ဦးထိ ပိုမိုဝင်ထွက်လာကြောင်းကို မော်လိုက် ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းကဲ့သို့ နိုင်ငံခြားသားခရီးသည်များ လာရောက်လည်ပတ်မှု များပြားလာသည့် အပေါ် ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံကိုလည်း အခုလိုကြားသိခဲ့ရသည်။ ကျွန်တော်တို့ မော်လိုက်မြို့ကို နိုင်ငံခြားသားခရီးသည်တွေ လာရောက်လည်ပတ်တာ ယခင်နှစ်ထက် ဒီနှစ်က ပိုများတယ်။ သူတို့တွေ အခုလို လာရောက်လည်ပတ်တာများတော့ ဒေသခံ ကျွန်တော်တို့လို ဆိုက်တွဲသမားတွေ၊ ကားသမားတွေအတွက် အဆင်ပြေပါတယ်။ သူတို့တွေက မော်လိုက်မြို့ကိုရောက်ရင် မြို့တွင်းရှိ အင်္ဂလိပ်လက်ထက်က ဆောက်လုပ် ခဲ့သည့် ရုံးအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဂေါက်ကွင်းတွေကို ဆိုက်တွဲနဲ့ လည့်ပတ်ကြည့်ရှုကြတယ်၊ နောက်ပြီး မော်လိုက်မြို့ အနောက် သစ်ထုတ်ရေးကြိုးဝိုင်း အတွင်းရှိ ပျားစွဲဆင်စခန်းသို့ သွားရောက်၍ ဆင်များ လုပ်ငန်းခွင် ၀င်ရောက်မှုများ၊ အလှပြကွက်များကို သွားရောက် ကြည့်ရှုကြတယ်။ မော်လိုက်ကိုရောက်ရင် အဲဒီနေရာတွေကို အမြဲတမ်း သွားတယ်။ ဒါတွေကလည်း ကျွန်တော်တို့ မော်လိုက်မြို့ အတွက် ဂုဏ်ယူစရာ တစ်ခုပါဘဲဗျာ ဟု ဦးမိုးဇော်ထံမှ ကြားသိရသည်။


 
 
 
 

Mawlaik မော်လိုက်မြို့Like Page မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment